ကျောက်ပန်းတောင်းမြို့နယ်ရုံး (Community Centre) ခန်းမတွင် မီဒီယာအချက်အလက်ဆိုင်ရာသိနားလည်မှုသင်တန်း ဖွင့်လှစ်

ကျောက်ပန်းတောင်း ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ဝန်ထမ်းများ မီဒီယာနှင့် ပတ်သက်၍ သိရှိထားသင့်သည်များကို သိရှိနိုင်စေရန်နှင့် အများ ပြည်သူသို့ အသိပညာ ဖြန့်ဝေပေးနိုင်စေရန် ရည်ရွယ်၍ မီဒီယာအချက်အလက်ဆိုင်ရာ သိနားလည်းမှု သင်တန်းကို ယနေ့နံနက်(၉)နာရီက  အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီဒီယာအချက်အလက်ဆိုင်ရာ သိနားလည်းမှုသင်တန်းကို ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ပြီး ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် မီဒီယာနှင့်သတင်းအချက် အလက်များကို မျက်ခြေမပြတ် သိရှိနေစေရန်နှင့် သတင်းမှား/သတင်းမှန်ကို ဝေဖန်ပိုင်းခြားနားလည်နိုင် စေရန် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ဆွေးနွေးရခြင်း ဖြစ်ပါကြောင်း ပြောကြားပြီး၊ မီဒီယာဆိုင်ရာ သိနားလည်မှု (Media Literacy)၏ အခြေခံ အကြောင်းအရင်းများနှင့် မီဒီယာသိနားလည်မှု၏ အရေးကြီးပုံများကို လည်းကောင်း၊ သတင်းတစ်ပုဒ်ကို ခွဲခြားစိတ်ဖြာခြင်း၊ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု(Imformation Literacy)၏အကြောင်း အချင်းအရာများကိုလည်းကောင်း၊ သတင်းအချက် အလက်ဆိုင်ရာ သိနားလည်သူတစ်ဦးတွင်ရှိသည့် အရည်အချင်းများ၊ သတင်းအချက်အလက်ရရှိနိုင်ခြင်း နှင့် ရရှိနိုင်သည့်ရင်းမြစ်များ၊ ရှာဖွေလိုသည့် သတင်းအချက်အလက်၏အတိုင်းအတာများနှင့် သတင်း အချက်အလက်ပုံစံများ၊ သတင်းအချက်အလက်ကို ခွဲခြားသုံးသပ်ခြင်း အစရှိသည်တို့ကို အချက်တစ်ချက်ခြင်းအလိုက် ရှင်းလင်းဆွေးနွေးပို့ချသည်။ ယင်းနောက် မီဒီယာသိနားလည်မှုဆိုင်ရာများနှင့် ပတ်သက်၍ ဝန်ထမ်းများ၏ တစ်ဦးချင်းအမြင်များကို မေးမြန်း၍ ဝန်ထမ်းများ၏ ပြန်လည်ဖြေကြားမှုအပေါ် လက်ထောက်ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး သင်တန်းကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အဆိုပါ မီဒီယာအချက်အလက်ဆိုင်ရာ သိနားလည်းမှုသင်တန်းသို့ သင်တန်းနည်းပြအဖြစ် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး) တက်ရောက်၍ သင်တန်းသားများအဖြစ် ကျောက်ပန်းတောင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သဲဖြူနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအာင်(ပြန်/ဆက်)