သိန္နီမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကြောင့် စာဖတ်ပရိသတ်များ အဆင်ပြေ

သိန္နှီ သြဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရေးနှင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် စာအုပ်စာစောင်များကို နယ်လည့်စာကြည့်တိုက်စနစ်ဖြင့်  ဌာနဆိုင်ရာရုံးများ အရောက်လှည့်လည်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ငှားရမ်းပေးရာတွင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ စာရင်းစစ်ရုံးနှင့် စည်ပင်သာယာရေးရုံးများ သို့ သွားရောက်၍ သုတစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ ကလေးများအတွက် ရုပ်ပြ စာအုပ်များနှင့် ပုံပြင်စာအုပ်များကို ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်  စာအုပ်၊ စာပေများ ဖတ်ရှုချင်သော်လည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များလာရောက်ငှားရမ်းရန် အခက်အခဲရှိသူများအတွက် အဆင်ပြေမှုရှိစေရန်၊ ဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန် နယ်လှည့်စာကြည့် တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များကို နှစ်ပတ်လျှင်(၁)ကြိမ် လှည့်လည်ငှားရမ်းပေးလျက်ရှိသည်။ “ယခုလိုရုံးများအရောက် လာရောက်ငှားရမ်းပေးသည့်အတွက် မိမိတို့ဝန်ထမ်းများအနေဖြင့် စာပေများကို ပိုမိုဖတ်ရှုလေ့လာဖြစ်ကြောင်း၊ ရုံးစာကြည့်တိုက်သို့သွားရောက်ရန် သီးသန့်အချိန်မပေးရသည့်အတွက် ပိုမိုအဆင်ပြေမှုရှိကြောင်း” မြန်မာ့စီးပွားရေးဘဏ်မှ စာအုပ်ငှားရမ်းသော ဝန်ထမ်းတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)