တံတားဦးမြို့တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

တံတားဦး ဩဂုတ် ၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ  ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းကို  ယနေ့နံနက်(၉)နာရီကစတင်၍ သက်ဆိုင်ရာစုရပ်များတွင် ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း ၊ အသက်အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊ အသည်းရောင်အသားဝါဘီ ၊ ဂျပန်ဦးနှောက်ရောင် ၊ ဦးနှောက်အမှေးပါးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(ရိုတာကာကာကွယ်ဆေး) ၊ ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေး(၉)မျိုးကိုထိုးနှံပေးကြပြီး ၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးပေးကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ခံ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်နွယ်နွယ်ဦးထံမှသိရသည် ။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများ၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးရဲတင့်