တံတားဦး ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အုပ်ချုပ်ရေးမှူးနှင့် တံတားဦးမြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက ဌာနဆိုင်များအနေဖြင့် မိမိတို့ဝန်ထမ်းများအား ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ကြပြီး ရုံးတွင်း/ပြင် သန့်ရှင်းသာယာရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြကြရန်၊ ဒါ့အပြင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို ကျွန်ပျူတာဆော့ဖ်ဝဲ( software )ဖြင့် e-ID ရေးသွင်းခြင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဌာန ဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် ၊ မိမိခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များကို ဂရုပြုကြရန်လိုကြောင်း ၊ ဒါ့အပြင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ၊ လမ်းမကြီးများနှင့် ကုန်ထုတ်လမ်းများ ဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများက စနစ်တကျ စီမံခန့်ခွဲပေးကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဦးရဲတင့်