ပလောက်မြို့တွင် မွေးကင်းစမှအသက်(၃)နှစ်အရွယ်ထိကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ပလောက်    ဩဂုတ်  ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ မွေးကင်းစမှအသက်(၃)နှစ် အရွယ်ထိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်မှစ၍ ပလောက်တိုက်နယ်ကျန်းမာရေးဌာနတွင် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပလောက်မြို့ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများကကိုဗစ်-၁၉ရောဂါကာကွယ် ရေးလမ်းညွှန်ချက်နှင့်အညီ ကလေးသူငယ်များအား ကိုယ်ပူချိန်တိုင်းခြင်း၊  ပေါင်ချိန်ခြင်း၊ မွေးကင်းစမှ(၃)နှစ်အရွယ် ကလေးသူငယ်များကို ဆိုဆို့၊ ကြက်ညှာ၊ ချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားအဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဝက်သက်စသည့် ငါးမျိုးစပ်ကာကွယ် ဆေးများကို သတ်မှတ်အကြိမ်အတိုင်းထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်း၊ ထိုးနှံပေးခြင်းနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး(ပထမအကြိမ်)ထိုးနှံပြီးသူများကိုလည်း (ဒုတိယအကြိမ်)ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)