မလှိုင်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ

မလှိုင် သြဂုတ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က (၂၉.၇.၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ထွေ/အုပ်အရာထမ်း များနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါတွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များဖြစ်သည့် မြို့သန့်ရှင်းသာယာလှပရေး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့်အတူ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ရန် ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ပညာရေး ၊ ကျန်းမာရေးစသည့် ဒေသဆိုင်ရာ အချက်အလက်များ ၊ စာရင်းဇယားများ တိကျမှန်ကန်စေရန် ကျေးရွာများတွင် သောက်သုံးရေ ဖူလုံစေရန်၊ လယ်ယာမြေများ အခြားနည်းသုံးစွဲခွင့်နှင့်ပတ်သက်၍ မြေယာစီမံခန့်ခွဲမှု နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်ရန် ၊ ဆရာတော်သံဃာတော်များ ဝါတွင်းကာလဆွမ်းနှင့်ဝေယျာဝစ္စများ အခက်အခဲ မရှိစေရေး ဆောင်ရွက်ရန် ၊ နိုင်ငံတော်နှင့်အစိုးရအပေါ် သစ္စာရှိရန်နှင့် ဥပဒေ၊ နည်းဥပဒေနှင့် ဗဟုသုတစာပေများ ဖတ်ရှုပြီး ပြည်သူ့အကျိုးအတွက် တာဝန် ကျေပွန်စွာထမ်းဆောင်ရင်း အတွေ့အကြုံကောင်းများ ရယူသွားရန်စသည့် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ချပြရှင်းလင်းခဲ့သည်။

အဆိုပါရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု (၅၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၁၅၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)