ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနှင့် သက်ငယ်မုဒိန်းမှုခင်းများ မဖြစ်ပွားရေး၊ သတင်းအမှန်/အမှား ခွဲခြားသုံးသပ်တတ်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ကြီးတံခွန် ဩဂုတ် ၂

မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနှင့် သက်ငယ်မုဒိန်းမှုခင်းများ မဖြစ်ပွားရေး သတင်းအမှန်/အမှား ခွဲခြားသုံးသပ်တတ်စေရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း (မန္တလေး) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး) ကျောင်းအုပ် ဆရာကြီး ဦးသက်လွင်တိုးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကျော်သူထွန်းက ကျောင်းသား/ကျောင်းသားများအနေဖြင့် မိမိတို့၏ ဘဝဖွံ့ဖြိုးတိုးတက်စေရေး စနစ်တကျ စဉ်းစားတွေးခေါ်တတ်စေဖို့လိုကြောင်း အရာရာကို စဉ်းစားချင့်ချိန်ဝေဖန်ပိုင်းခြားမှု ရှိဖို့လိုကြောင်းနှင့် မိမိတို့ကြားသိသမျှ သတင်းများကို အမှား/အမှန် ခွဲခြားသုံးသပ်တတ်စေရေး အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ် ဥပဒေရုံး ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်အိခိုင်ဖြိုးက သက်ငယ်မုဒိန်းမှု မဖြစ်ပွားစေရေး မိဘအုပ်ထိန်းသူ ခွင့်ပြုချက်မရဘဲ သွားလာခြင်းမှ ရှောင်ကြဉ် ဖို့လိုကြောင်း၊ ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး၊ စိတ်ကြွဆေး အလွယ်တကူသုံးစွဲလာရာမှ သက်ငယ်မုဒိန်းဖြစ်ပွားနိုင်ကြောင်း အသိပညာပေးဟောပြောပြီး၊ ပြည်ကြီးတံခွန်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးမြတ်ဇော်ဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ယာဉ်မောင်းရာတွင် ယာဉ်မောင်းလိုင်စင်ရှိရမှာဖြစ်ပြီး သတိမေ့လျောပေါ့ပေါ့ တန်တန် မမောင်းရကြောင်း၊ မတော်တဆမောင်းလျှင် ထိခိုက်မှုရှိပြီး လူ့စွမ်းအားအရင်း အမြစ်ဆုံးရှုံးမည်ဖြစ်ကြောင်းဟောပြောခဲ့သည်။

ကျော်ကျော်အောင်(ခရိုင်ပြန်/ဆက်)