မိုးကောင်း ဩဂုတ် ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြတောင်ကျေးရွာ နန့်လှိုင်ကျေးရွာတွင် ခေတ်မီစံပြကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်(၁၁)နာရီခွဲတွင် ကျင်းပရာ မိုးညှင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၇၉)ရွာအနက် (၁)ရွာသာ ပထမဦးဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသည့် နန့်လှိုင်ကျေးရွာအနေဖြင့် ကျေးရွာအခြေအခံ အဆောက်အအုံများ ဖွံ့ဖြိုးလာပြီး လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာခြင်း၊ သွင်းအားစုများ၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာပံ့ပိုးမှုများရရှိသဖြင့် စီးပွားရေးပိုမိုမြင့်မားလာခြင်း၊ သဘာဝပတ်ဝန်ကျင်နှင့် လိုက်လျောညီထွေရှိသည့် နေချင်စဖွယ်ကျေးရွာ ဖြစ်လာခြင်း၊ အသင်းအဖွဲ့၏ စွမ်းဆောင် ရည်မြှင့်မားလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်၍ စည်းစည်းလုံးလုံး တက်ကြွစွာ ဆောင်ရွက်သွားကြရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားတွင် ထည့်သွင်းပြောကြား ခဲ့သည်။
ဆက်လက်၍ မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းတို့က ခေတ်မီစံပြ ကျေးရွာစီမံကိန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသော နန့်လှို်ငကျေးရွာပြည်သူများထံမှ ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေသီးနှံတိုးချဲ့စိုက်ပျိုးရေးစသည့် တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသောင်းထိုက်နှင့်အတူ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှူး၊ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဘဏ်မှ တာဝန်ခံတို့မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထို့နောက် မိုးညှင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့တို့က ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးရေးဆိုင်ရာများ ဆွေးနွေးဟောပြောပြီး တောင်သူများထံ ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)