တောင်နီကျေးရွာတွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးရေး အသိပညာပေးဟောပြောပွဲနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့

မိုးကောင်း ဩဂုတ် ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် တောင်နီကျေးရွာအုပ်စုတွင် ဆီထွက်သီးနှံ (နေကြာ)စိုက်ပျိုးရေး အသိပညာပေးဟောပြောပွဲနှင့် ဟင်းသီးဟင်ရွက်မျိုးစေ့များ ထောက်ပံ့ခြင်း အခမ်းအနားကို ဘက်စုံသုံးခန်းမ၌ ဩဂုတ်(၁)ရက် နံနက်(၉)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မိုးညှင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်မှ အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ကျေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်မှ နေကြာစိုက်ပျိုးရေးလုပ်ငန်းအတွက် ဌာနအနေဖြင့်ကူညီဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍  ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်မိုးထွန်းမှ နေကြာစိုက်ပျိုးရေး နည်းပညာများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်မှ မိုးကောင်းမြို့နယ်တွင် နေကြာစိုက်ပျိုးမည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးထွေးလှိုင်မှ တောင်နီကျေးရွာအုပ်စုတွင် နေကြာသီးနှံစိုက်ပျိုးရန်လျာထား ဆောင်ရွက်ထားမှုနှင့် မိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်းများ စိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများ ကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး နေကြာစိုက်ပျိုးနည်းအသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တောင်သူများထံပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ လိုအပ်သည် များပြန်လည်ဖြည့်ဆည်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)