မိတ္ထီလာ သြဂုတ် ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် Village Revolving Fund Project (VRFP) စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာ(၁၇)ရွာတွင် ကျေးရွာမတည်ရန်ပုံငွေကို တတိယအကြိမ်အဖြစ် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများ ဖြစ်ပေါ်နေပြီး ဒေသခံတောင်သူများ၊ အသေးစားစီးပွားရေး လုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေး အတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်မှ စတင်၍ Village Revolving Fund Project (VRFP) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၄၀၀၀)ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ စီမံကိန်းရန်ပုံငွေများပေးအပ်ရာတွင် ကျေးရွာအတွင်းရှိ အိမ်ခြေအနည်းအများအလိုက် ရန်ပုံငွေများကို ပေးအပ်ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ဖိုးပျော်တော၊ အိုးအိုင့်ကုန်း၊ ကြိုးစု၊ အိုင့်ကုန်း၊ သဘွတ်ကုန်း၊ ဆူးရစ်တန်း၊ လက်ပံ့အိုင့်၊ ရွာသစ်၊ ဖက်တော၊ ဝါးရုံစု၊ ဥသျှစ်ကုန်း၊ အုတ်ဖို၊ ကန်နီအရှေ့၊ ကံခြားမြောက်၊ ထနောင်းပင်တဲ၊ သံဘို၊ ဂွေးတောက်ကန် ကျေးရွာများမှ ဒေသခံပြည်သူများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် ဝန်ထမ်းများက ကျေးရွာအရောက်ကွင်းဆင်း၍ တတိယအကြိမ်မြောက် အဖြင့် ထုတ်ချေးပေးအပ်ခဲ့ပြီးရာ ယခုဆိုလျှင် ၎င်းစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ Village Revolving Fund Project(VRFP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၁၇)ရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၉၀၃)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၅၆)ဦး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ(၁)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၆)ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ(၇)ဦးရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)