မိုးနဲမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုဆိုင်ရာပြန်လည်ထူထောင်ရေးနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

မိုးနဲ ဩဂုတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့မရဲစခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုဆိုင်ရာပြန်လည်ထူထောင်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းက လူကုန်ကူးမှုလုပ်ဆောင်ကြသူများ၏ စရိုက်လက္ခဏာများ၊ လူကုန်ကူးခြင်းမခံရအောင် သိထားသင့်သည့်အချက်များ၊ လူကုန်ကူးခြင်းခံရသူများအား နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် လူငယ်ထုအတွင်း ဖြစ်ပေါ်နိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးများကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်နန်းသန်းသန်းစိုးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ‌ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)