ကရသူရိ ဩဂုတ်လ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ရာဘာစိုက်ပျိုးသည့် ခြံပိုင်ရှင်များသည် ယခုလရာသီတွင် ရာဘာဈေးကွက်ကောင်းမွန်လာသည့်အတွက် သိုလှောင်ထားသည့် ရာဘာများကို တစ်ပြိုင်တည်းရောင်းချရသဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရာဘာကို နွေရာသီတွင် အများဆုံးအစေးခြစ်ယူရရှိပြီး မိုးရာသီတွင် မိုးရေကြောင့် လုပ်ငန်းများ ခဏတာရပ်နားရချိန်တွင် သိုလှောင်ထားသည့် ရာဘာများဈေးကောင်းရလာမှုနှင့်ပတ်သက်၍ ရာဘာခြံပိုင်ရှင်တစ်ဦးက “ရာဘာစိုက်ပျိုးတဲ့လုပ်ငန်းကတော့ မလွယ်ဘူးဗျ။ ကုန်ကျစရိတ်လည်း တစ်ခြားနှစ်ရှည်ပင်တွေထက်များတယ်။ အစေးခြစ်ယူရချိန်မှာ ရာဘာကြိတ်စက်ကလည်း မရှိမဖြစ်လိုအပ်တယ်။ နောက်ပြီး အစေးခံခွက်၊ ရာဘာခြစ်ဓားအသေးအမွှား အကုန်လုံးကစရိတ်ကြီးတယ်။ ဒါကြောင့် ဈေးကွက်မရှိရင် ကျွန်တော်တို့ မရောင်းဘဲသိမ်းထားရတယ်။ ယခုရာသီလုပ်ငန်းတွေရပ်နားရချိန်မှာ ဈေးကောင်းလာတော့ အတိုင်းအထက်မသိဝမ်းသာမိတယ်” ဟု ပြောကြားသည်။
ရာဘာခြံစိုက်ပျိုးခြင်းသည် တစ်ခြားနှစ်ရှည်သီးနှံများထက် အဆများစွာကုန်ကျစရိတ်ပို၍ စနစ်တကျစိုက်ပျိုးနေရကြောင်းနှင့် ဝင်ငွေရရှိမှုသည်လည်း တစ်ခြားသီးနှံများထက် ပိုမိုလျက်ရှိပြီး အဆိုပါရာဘာကို တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးပြီး ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် အနည်းအကျဉ်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)