ထားဝယ် သြဂုတ် ၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးချမ်းမြေ့သီဟက သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်/သတိပြုရန်/ ရှောင်ရှားရန်အချက်များကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဦးချမ်းမြေ့သီဟနှင့် ဝန်ထမ်းများက ကျောင်းသား/သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မုန်တိုင်းဘေးအသိပညာပေးပိုစတာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည် (၁၅)ဗူးအား ကျောင်းအုပ်ကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)