ဘားအံ ဩဂုတ် ၁
ပြည်ထဲရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ လှာကမြင်တိုးချဲ့ကွက်သစ်ရှိ၊ ဘားအံခရိုင် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိပြည်နယ်အတွင်း ဘေးအန္တရာယ်များ ဖြစ်ပွားကျရောက်လာပါက အထိရောက်ဆုံးနှင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေး အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်မျှော်မှန်း၍ ပရဟိတကို အခြေခံသည့် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချသည့် ပညာရပ်များကို တတ်ကျွမ်းနားလည်အောင် လေ့လာဆည်းပူးပြီး သင်တန်းမှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လေးစားလိုက်နာကြရန်၊ စည်းစည်းလုံးလုံးဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သင်တန်းအစမှအဆုံး ပြီးဆုံးသည်ထိ ကြိုးစားတက်ရောက်ကြစေလိုကြောင်း ပြောကြားပြီး သင်တန်းအတွက် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယနေ့ဖွင့်လှစ်သည့် သင်တန်းကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မာဃလူမှုကူညီရေးအဖွဲ့၊ ပေးဆပ်သူကယ်ဆယ်ရေးအဖွဲ့၊ ဘဝမီးအိမ်ကယ်ဆယ်ရေးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အစရှိသည့် ဒေသတွင်းလူမှုရေးအဖွဲ့အစည်းများမှ စုစုပေါင်းအင်အား ၇၅ ဦး တက်ရောက်လျက်ရှိပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ ဓါတုပစ္စည်း၊ ဇီဝပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်းများ၏ ဘေးအန္တရာယ်များ၊ ဇီဝပိုးမွှားအန္တရာယ်များကို ခေတ်မီလုပ်ငန်းသုံး သင်ထောက်ကူပစ္စည်းများအသုံးပြု၍ ပြည်နယ်မီးသတ်ဦးစီးဌာန၏ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့နှင့်အတူ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို ရက်သတ္တပတ်(၁) ပတ်ကြာ တွဲဖက်လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)