မလှိုင် သြဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အဆိုပါ ရုံးဝန်းအတွင်းရှိ တစ်နိုင်တစ်ပိုင် ငါးကန်အတွင်း ယနေ့မွန်းလွဲ(၁)နာရီက တီလားပီးယား ငါးသားပေါက်များ စိုက်ထည့်ခဲ့ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ငါးမျိုးစိုက်ထည့်ခြင်းနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် “ပြည်သူကိုဗဟိုပြု၍ ကောင်းမွန်သောအုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး” ဟူသော မျှော်မှန်းချက်နှင့်အတူ တာဝန်ထမ်းဆောင်နေသောဌာနဖြစ်ပြီး ဝန်ထမ်းများသည်လည်း ပြည်သူလူထုနှင့် နေ့စဉ်အမျှ ထိတွေ့နေရသကဲ့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ထိုးနှံရေးနှင့် လူဦးရေဆိုင်ရာအချက်အလက်များ တိုက်ဆိုင်စစ်ဆေးနေရသည့်ကာလဖြစ်သည့်အတွက် မိသားစုများ၏ သက်သာချောင်ချိရေးကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
တီလားပီးယား ငါးသားပေါက်ကောင်ရေ (၃၀၀)ကို အလျား(၅၈)ပေ၊ အနံ(၃၀)ပေ၊ အနက် (၈) ပေရှိ တစ်နိုင်တစ်ပိုင်ငါးကန်အတွင်း စိုက်ထည့်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဧရိယာအတွင်း ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ရာသီအလိုက်ဟင်းသီးဟင်းရွက်သီးနှံများ၊ ဖီးကြမ်း(ကျောက်စိမ်း)ငှက်ပျောပင်များ စဉ်ဆက်မပြတ် စိုက်ပျိုးထားရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)