ဘားအံ ဩဂုတ် ၁
ကရင်ပြည်နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) တွင် ဖွင့်လှစ်သည့် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်း အပတ်စဉ် (၃/၂၀၂၂) အခြေခံကွန်ပျူတာသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်းနှင့် ဆံပင်ညှပ်သင်တန်းများဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အဆိုပါသင်တန်းကျောင်း နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား/သူများအနေဖြင့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ကြိုးကြိုးစားစား လေ့လာမှတ်သားခဲ့မည်ဆိုပါက မိမိတို့၏ဘဝတွင် ခိုင်မာသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နိုင်ကြလိမ့်မည်ဖြစ်ကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို အသုံးချပြီးတတ်ကျွမ်းသွားသည့် ပညာရပ်များဖြင့် မိမိဒေသအကျိုး ရပ်ရွာအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က အခြေခံကွန်ပျူတာသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်းနှင့် ဆံပင်ညှပ်သင်တန်းတို့တွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းက သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများသည် သင်တန်းသား/သူများ၏ သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်း အပတ်စဉ်(၃/၂၀၂၂)တွင် အခြေခံကွန်ပျူတာသင်တန်း၌ သင်တန်းသား/သူ (၁၇) ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်း၌ သင်တန်းသား/သူ (၁၂)ဦး၊ ဆံပင်ညှပ်သင်တန်း၌ သင်တန်းသား/သူ (၁၁) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ တစ်လကြာမြင့်ကာ လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်သင်တန်းနည်းပြ ဆရာ/ဆရာမများက စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)