မိုင်းဖြတ် ဇူလိုင် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသကြက် (၁၀၀) ကောင် (အခမဲ့)ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ဆွပ်ပလောင်းကျေးရွာရှိ ကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က နိုင်ငံတော်အနေဖြင့် ဒေသကြက်များ ဖြန့်ဖြူးပေးရာတွင် ကျေးရွာနေပြည်သူများ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေများ ရရှိစေရေးအတွက် ဆောင်ရွက်ပေးခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးထွန်းရွှေက အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ထွန်းဇော်ဝင်းက ဒေသကြက်များ ဖြန့်ဖြူးပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေါက်တာ ထွန်းဇော်ဝင်းတို့က ဆွပ်ပလောင်းကျေးရွာရှိ အိမ်ထောင်စုတစ်စုလျှင် ဒေသကြက် (၁၀) ကောင်နှုန်းဖြင့် အိမ်ထောင်စု(၁၀)စု အတွက် ဒေသကြက် ၁၀၀ ကောင်ကို (အခမဲ့)ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး