လှည်းကူးမြို့နယ် စာရေးဆရာအသင်း စာပေညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲနှင့် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

လှည်းကူး ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့် အရေးပေါ် မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းဝေးတွင် ညီလာခံကိုယ်စားလှယ်များဖြစ်ကြသော မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ (ကျော်မင်းညွန့်-လှည်းကူး)နှင့် အတွင်းရေးမှူး(သလွှာဦး-လှည်းကူး)တို့က ညီလာခံအတွေ့အကြုံများ ရှင်းလင်းတင်ပြပြီးညီလာခံ၏ ဆုံးဖြတ်ချက်များနှင့် အတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ရေးများအတွက် ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်ပြီးမြို့နယ် အသင်းဝင် အင်အားများစီစစ်ပြီး၊ ကွယ်လွန်၊ ကင်းကွာ၊ အဝေးရောက်၊ နှုတ်ထွက်အင်အားများ စီစစ်ခြင်းနှင့် ညီလာခံမှ ရွေးချယ်တင်မြှောက်ခဲ့သော ယခင်အဖွဲ့အစည်း အမှုဆောင်များအား (ထပ်မံ)အတည်ပြုပြီး ရန်ပုံငွေရှာဖွေရေးအဖွဲ့ကို ဥက္ကဋ္ဌ ဒေါက်တာ မတင်လှ(လှည်းကူး)၊ အဖွဲ့ဝင်ရန်ပိုင်ဦး(လှည်းကူး)၊ အတွင်းရေးမှူး (မအေးအေးမာ-လှည်းကူး) တို့ပါဝင်သောအဖွဲ့ကို (အသစ်)ဖွဲ့စည်းခဲ့ပြီး ငမိုးရိပ်စာပေမဂ္ဂဇင်းကို ထုတ်ဝေဖြန့်ချိရေးနှင့် တတိယအကြိမ်စာရေး ဆရာညီလာခံမှချမှတ်ခဲ့သော ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်ရေးနှင့် ပီတိနိုင်ငံရေး ဂိုဏ်းဂဏကင်းသည့် စာပေအဖွဲ့အစည်းအဖြစ် ဒီမိုကရေစီစနစ်နှင့် ရပ်တည်သွားရန်စသော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း မြို့နယ်စာရေးဆရာအသင်း တာဝန်ရှိသူတစ်ဦးထံက သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)