သိန္နီမြို့တွင် လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

သိန္နီ    ဇူလိုင်  ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က သိန္နီမြို့ ရွှေဘုန်းပွင့်စေတီတော်ကျောင်းတိုက်အနီးတွင် စုပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သိန္နီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်း၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ စုပေါင်း၍ ရွှေဘုန်းပွင့်စေတီ တော်ကျောင်းတိုက်အနီး လမ်းဘေး ဝဲယာများတွင် ပေါက်နေသော မြက်များအား မြက်ရိတ်စက်များဖြင့် ရိတ်ခြင်း၊ ပေါက်ပြား၊ ဓားများဖြင့် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များအား တံမြက်စည်းများဖြင့် လှဲခြင်းများ ဆောင်ရွက်ခဲ့ကြသည်။  ထိုသို့ စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ခြင်းဖြင့် ဝါတွင်းကာလ အတွင်း ဥပုတ်သီလဆောက်တည်ရန် လာရောက်သူများ လေကောင်းလေသန့်ရရှိပြီး စိတ်ကြည်လင်စွာ သီလဆောက်တည်နိုင်ရန်အတွက် ဆောင်ရွက်ရခြင်း ဖြစ်ပြီး အပတ်စဉ်စနေနေ့တိုင်းစုပေါင်း၍ သန့်ရှင်းရေးများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စောဥမ္မာ(သိန္နီ)