ညောင်ဦး ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးရွာများ၊ တဲတိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်းများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက သောက်သုံးရေများလှူဒါန်းပေးခဲ့ရာ ၈၂ သိန်းကျပ်ထိ လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင်တဲတိုက်ပေါင်း ၈၀ ကျော်ရှိပြီး အလှူရှင်များလှူဒါန်းသည့် သောက်သုံးရေကိုသာ မှီခိုအားထားနေရကြောင်း၊ မြေသားမိုးရေလှောင်ကန်များရေဝင် ရောက်ပါက ထိုကန်များမှ ရေကိုသုံးစွဲကြပြီး မိုးခေါင်သည့်နှစ်များတွင် သောက်သုံးရေ အင်မတန်ရှားပါးကြောင်းသိရသည်။
ညောင်ဦးမြို့နယ်သည် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင်ပါဝင်ကာ တနှစ်ပတ်လုံးနေမှ မိုးရေချိန် ၂၀ လက်မအောက်သာရွာသွန်း လေ့ရှိခြင်းကြောင့် မြေသားသောက်သုံးရေကန်များ ရေဝင်ရေပြည့်လျှင် ကျေးရွာသူကျေးရွာသားများ အင်မတန်ဝမ်းမြောက်ကြကြောင်း နတ်ပလင်ကျေးရွာမှ ထန်းတောင်သူဦးမင်းက ရှင်းပြသည်။
၎င်းအပြင် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့မှလည်း ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များသို့ ဒေသခံပရဟိတအသင်းများနှင့်ချိတ်ဆက်၍ သောက်သုံးရေလှူဒါန်းပေးလျက်ပြီး သောက်သုံးရေလှူဒါန်းခြင်းအား ဇူလိုင်လကုန်တွင် ရပ်နားထားမည်ဖြစ်ကာ လာမည့်နှစ်ဆောင်းဦးပေါက်တွင် လှူဒါန်းမှုများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း သောက်သုံးရေဂါလံ ၇၇၄၄၀၀ ဂါလံလှူဒါန်းပေးနိုင်ခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံကသိရသည်။
ကိုကြေးမုံ