ပြင်ဦးလွင် ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန် နေ့လယ်(၁၄)နာရီက ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နိုင်နိုင်စိုးက ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားဖြစ်ပေါ်လာရသည့် အကြောင်းအရင်း၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခြင်းအား တွေ့ရှိရသည့် လုပ်ငန်းနယ်ပယ်များ အကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများနှင့် ပတ်သက်၍ အကာအကွယ်ပေးထားသည့် ဥပဒေ ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြံပေးချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များဖြင့်ပူးပေါင်း၍ ပြည်သူများ အသိပညာတိုးပွားစေရေး အသိပညာပေး (Talk Show) များကို စဉ်ဆက်မပြတ်ကျင်းပနေသည့်အပြင် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုး စေရေးအတွက် အခြားသော စာပေဆိုင်ရာပြိုင်ပွဲ၊ ပြပွဲများနှင့် စာဖတ်ဝိုင်းများကိုလည်း ကျင်းပဆောင်ရွက်လျက် သိရသည်။
ဖြူလူသစ်