ဘားအံ ဇူလိုင် ၃၀
ကရင်ပြည်နယ်အတွင်း အသားထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး ဒေသတွင်းစားသုံးမှု ဖူလုံပိုလျှံကာ ပြည်တွင်းပြည်ပဈေးကွက်များသို့ မွေးမြူရေးထုတ်ကုန်များ တင်ပို့ရောင်းချနိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဘားအံမြို့နယ်၊ စံဖရီး ကျေးရွာအုပ်စုရှိ ဘားအံမွေးမြူရေးဇုန်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါ မွေးမြူရေးဇုန်မုခ်ဦး၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး တိုးပွားလာသော လူဦးရေနှင့်အညီ စားနပ်ရိက္ခာ ဖူလုံရန်အပြင် ပြည်ပဈေးကွက်ကို တင်ပို့နိုင်ရန်အတွက် စိုက်ပျိုး၊မွေးမြူရေးကဏ္ဍကို တိုးတက် ထုတ်လုပ်ရန်လိုကြောင်း၊ ပြည်နယ်အတွင်း ထုတ်လုပ်မှုနှင့်စားသုံးမှုကိန်းဂဏန်းများကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပိုလျှံသည်ရှိသကဲ့သို့ လိုအပ်သည်လည်းရှိသည့်အတွက် ထုတ်လုပ်မှု တိုးတက်ရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ မွေးမြူရေးဇုန်သစ်ကို ဖွင့်လှစ်နိုင်ခြင်းကြောင့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ပြည်သူများ အစားအစာအာဟာရ ပြည့်ဝစေပြီး အစားအစာဘ ေးကင်းလုံ ခြုံမှုရှိစေခြင်း၊ ပိုလျှံသည်များအား ပြည်တွင်းပြည်ပသို့ တင်ပို့နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ တိရိစ္ဆာန်မှထွက်သော အညစ်အကြေးများမှ သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ရန် သဘာဝမြေဩဇာစက်ရုံများကို တည်ထောင်ထားပြီးဖြစ်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းအတွက်လည်း အကျိုးကျေးဇူးရရှိစေမည်ဖြစ်ကြောင်း၊ ပြည်နယ် ဂုဏ်ဆောင်သော မွေးမြူရေးလုပ်ငန်းရှင်၊ မွေးမြူရေးဇုန်ဖြစ်စေရေး ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်က ဇုန်အတွင်းမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဘားအံမွေးမြူရေး ဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က မွေးမြူရေးဇုန်ဖွင့်လှစ်မှု အခြေအနေများကို ရှင်းလင်းပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များပေးအပ်၍ ဒေသခံတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ဘားအံမွေးမြူရေးဇုန်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မြေဧရိယာ (၁၃၇ ဒသမ ၄၆) ဧကတွင် တစ်ဧကအကျယ် တစ်ယူနစ် အကွက်ပေါင်း(၉၀)ကွက်၊ ယူနစ်မပြည့်သည့် အကွက်ပေါင်း(၁၆)ကွက် စုစုပေါင်း(၁၀၆)ယူနစ်ကို ဖော်ထုတ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ကျပ် ၈၂၁ ဒသမ ၆၁ သန်းဖြင့် မြေသားလမ်း ၄ မိုင်၊ ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်း ၂ မိုင် အပါအဝင် လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ယခုလက်ရှိဘားအံမွေးမြူရေးဇုန်တွင် နွား(၃၀၀) ကောင်၊ ဆိတ်(၃၂၅၀)ကောင်၊ ဥစားကြက်(၃၀၀၀၀)ကောင်၊ ဒေသကြက်(၁၂၀၀၀)ကောင်၊ သဘာဝမြေဩဇာ စက်ရုံ(၂)ရုံ၊ မွေးမြူရေးအစားအစာနှင့် ဆေးဝါးအရောင်းဆိုင်တစ်ဆိုင်တို့ကို ဖွင့်လှစ်ထားရှိကာ မွေးမြူရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျပ် ၈၈၇၉ ဒသမ ၇၃၆ သန်း ဖြစ်သည့်အတွက် ဘားအံမွေးမြူရေးဇုန်၏ လက်ရှိရင်းနှီးမြှုပ်နှံမှုစုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၉၆၀၀ ဒသမ ၁၂၀ သန်း ( ၉ ဒသမ ၆ ဘီလီယံ)ခန့်ရှိကြောင်း သိရသည်။
အဆိုပါ ဘားအံမွေးမြူရေးဇုန်ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ဘားအံ မွေးမြူရေးဇုန်ကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားအံ မွေးမြူရေးဇုန်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ဇုန်ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်း တို့အား အမွှေးနံ့သာရည်များပတ်ဖြန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွေးမြူရေးဇုန်ဖွင့်ပွဲသို့ တက်ရောက်လာသော တိုင်းရင်းသား ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး ဘားအံမွေးမြူရေးဇုန် ဖွင့်ပွဲအထိမ်းအမှတ်ပြခန်းတွင် ခင်းကျင်းပြသထားသော ဇုန်ဖော်ထုတ်မှု မှတ်တမ်းဓါတ်ပုံများ၊ မွေးမြူရေးအစားအစာ၊ ဆေးဝါးနှင့်မွေးမြူရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများ၊ တိရိစ္ဆာန် အစာတောင့်ကြိတ်စက်များကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမွေးမြူရေးဇုန်၌ မွေးမြူရေးလုပ်ငန်းရှင် များ၏နွားမွေးမြူရေးခြံ၊ ဆိတ်မွေးမြူရေးခြံ၊ ဒေသကြက်နှင့် ဥစားကြက်ခြံများ၊ မွေးမြူရေး အစားအစာနှင့်ဆေးဝါးအရောင်းဆိုင်၊ သဘာဝမြေဩဇာထုတ်လုပ်ရေးစက်ရုံတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဘားအံမွေးမြူရေးဇုန်သည် အစာအာဟာရပြည့်ဝသော၊ ဇီဝလုံခြုံမှုနှင့် ကူးစက်ရောဂါ ထိန်းချုပ်မှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်သော၊ မွေးမြူရေးထုတ်ကုန်များကို တစ်နေရာတည်း၌ စုပေါင်း ထုတ်လုပ်နိုင်သော၊ တိရိစ္ဆာန်များ သက်တောင့်သက်သာစွာ နေနိုင်စားသောက်နိုင်ရေး (animal welfare)နှင့်အညီ အဆောက်အဦများကို တည်ဆောက် မွေးမြူစေပြီး စိုက်ပျိုးရိတ်သိမ်း ကျွေးမွေးသည့် (Cut & Carry)စနစ်ကို ကျင့်သုံးသွားမည့် ပထမဆုံးမွေးမြူရေးဇုန် တစ်ခု ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း