ထားဝယ် ဇူလိုင် ၂၉
တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်းများ၏ ဆောင်ရွက်ချက်များကို လေ့လာသုံးသပ်ပေးသွားမည်ဖြစ်ပြီး ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်သည့် ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ စသည့်တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခင်ကပွင့်လင်းရာသီ ကာလရောက်ရှိအချိန်တွင် တိုင်းဒေသကြီး အတွင်းခရီး သွားလုပ်ငန်းသည်အားထားရသောလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ယခုအခချိန်၌အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားလုပ်ငန်းများ နှောင့်နှေးကြန့်ကြာလျက်ရှိနေသည် တွေ့ရကြောင်း၊ ကော်မတီဝင်များအနေဖြင့်ခရီးသွား လုပ်ငန်းများတွင် အကောင်းဆုံး အတိုင်းအတာတစ်ခုအထိ ရောက်ရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းအဖွဲ့ဝင်များ အနေဖြင့် တိုင်းဒေသကြီးအတွင်း ဆက်စပ်ဆောင်ရွက်နေသော ဝန်ဆောင်မူအမျိုးအစားအလိုက် စီးပွားရေး လုပ်ငန်းများအပေါ်တွင် လုပ်ငန်းလိုင်စင်များစိစစ်ခွင့်ပြုပေးနိုင်ရန် အတွက်ဝိုင်းဝန်း ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက မိမိတို့ တာဝန်ခံဆောင်ရွက်နေသောလုပ်ငန်းနယ်ပယ် အသီးသီးတွင် တွေ့ကြုံရင့်ကျက်နေသူများဖြစ်သောကြောင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ရန် ကာလတိုကာလရှည်အဖြစ် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တင်ပြဆွေးနွေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးရဲအောင်မိုး က ယခင်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီမှ ဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆွေးနွေးချက်များအပေါ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)