ပူတာအို ဇူလိုင် ၂၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသ၀မ်းစာဖူလုံရေးအတွက် မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စံပြကွက်တွင် တစ်ဧကအထွက်နှုန်း တိုးတက်စေရန်နှင့် မျိုးစေ့ အရည်အသွေး ကောင်းမွန်စေရန်အတွက် ဓာတ်မြေဩဇာနှင့် သဘာ၀မြေဩဇာ (၁:၃) ရောစပ်၍ ကြဲပက်ပွဲကို ယမန်နေ့နံနက်(၉) နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်း စိုက်ပျိုးရေးပိုင် လယ်မြေ (၁၀)ဧက၌ ကျင်းပသည်။
မြေဩဇာကြဲပက်ပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက ဒေသ၀မ်းစာဖူလုံရေးနှင့် ပူတာအိုလွင်ပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆင်းဧကရီ-၃ (RS-CS)မျိုးသန့်မျိုးပွားစိုက်ခင်း (၁၀)ဧက စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များ၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် လယ်မှထွက်ရှိလာသော မျိုးသန့် မျိုးစပါးများအား တောင်သူများ လက်၀ယ်သို့ ဖြန့်ဖြူးသွားရန်နှင့် တောင်သူများ ကိုယ်တိုင်မျိုးသန့်မျိုးပွား စိုက်ခင်းများ စိုက်ပျိုးတတ်လာစေရန်အတွက် ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်က ဓာတ်မြေဩဇာနှင့်သဘာ၀ မြေဩဇာအချိုးကျ ရောစပ်သုံးစွဲနည်း၊သဘာ၀မြေဩဇာ E-M BOKASHI ပြုလုပ်နည်းတို့ကို တက်ရောက်လာသည့် တောင်သူများအားလက်တွေ့ရှင်းလင်းပြသပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ ခရိုင်/မြို့နယ်ဌာနဆိုင် ရာများနှင့်တောင်သူများက စိုက်ခင်းအတွင်း စိုက်ပျိုးရေး၀န်ထမ်းများက အချိုးကျရောစပ်ထားသောမြေဩဇာများ စနစ်တကျကြဲပက်နေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါစိုက်ခင်းအတွင်း အောင်မြင်သောမျိုးစေ့ရရှိရန်၊ မြေဩဇာကြဲပက်ပေးခြင်းဖြင့် အပင်ပွားများများ ထွက်ရှိလာပြီး အထွက်နှုန်းတိုးတက်လာစေရန်အတွက် စိုက်ပျိုးပြီး စိုက်ပင်(၂၀)ရက်သားတွင် တစ်ကြိမ်နှင့် ရက်ပေါင်း(၇၀)တွင်တစ်ကြိမ် ဓာတ်မြေဩဇာနှင့် သဘာ၀မြေဩဇာ အချိုးကျ ရောစပ်ထားသော မြေဩဇာများကိုကြဲ ပက်သွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပူတာအိုခရိုင်အနေဖြင့် ဒေသ၀မ်းစာဖူလုံရေးအတွက် သုံးနှစ်စီမံကိန်းရေးဆွဲကာအကောင်အထည် ဖော်နိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပထမနှစ်(ယခုနှစ်)တွင် ဧက(၁၀၀၀)၊ ဒုတိယနှစ်တွင် ဧက(၄၀၀၀)၊ တတိယနှစ်တွင် (၅၀၀၀) စုစုပေါင်းဧက(၁၀၀၀၀) မျိုးပြောင်းလဲစိုက်ပျိုးခြင်းနှင့် စိုက်နည်းစနစ်ပြောင်းလဲနိုင်ရန် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)