တောင်ဥက္ကလာပ ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းမှ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များအား PPE ဝတ်စုံ ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂:၃၀) အချိန်က တောင်ဥက္ကလာပမြို့နယ်ရှိ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့်အမှာစကားပြောကြားရာ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ တာမွေမြို့နယ်လေးခုပေါင်း၍ သင်္ဃန်းကျွန်းခရိုင်ဟု သတ်မှတ်ထားကြောင်း၊ ယခုကျင်းပသော အခမ်းအနားမှာ PPE ဝတ်စုံလှူဒါန်းခြင်း သာမက မိမိတို့ခရိုင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပရဟိတလူမှုရေးအသင်းများနှင့် မိတ်ဆက်သော အခမ်းအနားလည်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် Positive လူနာများအား ထိန်းသိမ်းကြပ်မတ်ကုသခြင်း၊ အောက်စီဂျင် ပြတ်လတ်မှုမရှိစေရေး ဆောင်ရွက်ခြင်း၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထို့နှံ နိုင်ရေးတို့ကို မိမိတို့ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ကြသော ကြက်ခြေနီအသင်း၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များအတွက် ကျေးဇူးတင် ဂုဏ်ယူမိပါကြောင်း၊ ယခုလက်ရှိဖြစ်ပွား လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့ခြင်းမဖြစ်ပေါ်စေရေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ယခုလို PPE ဝတ်စုံများ လှူဒါန်းရခြင်းဖြစ်ကြောင်း အစရှိသဖြင့် မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး သင်္ဃန်းကျွန်းခရိုင်ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ကလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်နိုင်ရေး အသင့်အနေအထားဖြင့် ပြင်ဆင်ထားနိုင်ရန် လှူဒါန်းရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော လူမှုရေးအသင်းအဖွဲ့ (၁၃)ဖွဲ့မှ တစ်ဦးချင်းစီ မိတ်ဆက်ကြ၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို တင်ပြကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်း ပရဟိတလူမှုရေး အသင်းအဖွဲ့များလက်ဝယ်သို့ PPE ဝတ်စုံများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ ခရိုင်ကြက်ခြေနီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝဏ္ဏထွန်း၊ မြို့နယ်ရဲမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုံလင်စွာတက်ရောက်ခဲ့၍ လှူဒါန်းခြင်းအခမ်းအနားပြီးမြောက်ခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများကို တစ်ဦးချင်းလိုက်လံ မိတ်ဆက်ပြီးလိုအပ်သည်များကိုလည်း မှာကြားခဲ့ကြောင်း သတင်းရသည်။
စိုးဝဏ္ဏထွန်း(ပြန်/ဆက်)