နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တောင်သူများအား ယူရီးယားမြေဩဇာများ ဈေးနှုန်းသက်သာစွာ အချိန်မီဝယ်ယူဖြန့်ဖြူး ရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ယူရီးယားမြေဩဇာများကို တောင်သူများ လက်ဝယ်အရောက် ဈေးနှုန်းသက်သာစွာဖြင့် မှန်မှန်ကန်ကန်ရောက်ရှိစေရေးအတွက် စနစ်တကျခွဲဝေ ဖြန့်ဖြူးရောင်းချနိုင်ရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများ အလိုက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်က နေပြည်တော်အတွင်း တောင်သူများအား ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးမှုလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)