ကျောက်မဲ ဇူလိုင် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက် ၁၀နာရီ က Gender, CEDAW, နှင့်NSPAW အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက မြို့နယ်အတွင်းရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်စေပြီး အမျိုးသမီးများအကြမ်းဖက်မှုမှ ကင်းဝေး၍ အမျိုးသမီးများ ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ယခုသင်တန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးမှူးဒေါ်အိအိနွယ်က Gender အခြေခံသဘောတရားများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CEDAW) ပါအချက်အလက်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ဆိုင်ရာအချက်အလက်များတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းဟောပြောပွဲသို့ ကျောက်မဲခရိုင်အမျိုးသမီးကော်မတီမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူစုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)