မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားထုတ်ပေးခြင်း အခမ်းအနားကျင်းပ

မိတ္ထီလာ  ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်မှုအတွက် အကျိုးခံစားခွင့်နှင့် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း သိကောင်းစရာများဖြစ်သည့် အာမခံအလုပ်သမားများအကြောင်း၊ မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်၊ မကျန်းမာမှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှု၊ ငွေကြေးခံစားခွင့်နှင့် မီးဖွားစရိတ်ခံစားခွင့်၊ ဖခင်ဘဝဖြစ်မှု ငွေကြေးအကျိုးခံစားခွင့်နှင့် ဖခင်ဘဝဖြစ်မှုစရိတ်၊ အငြိမ်းစားယူပြီးနောက် ဆေးကုသမှုဆက်လက်ခံယူခွင့်၊ အာမခံအလုပ်သမား သေဆုံးလျှင် နာရေးစရိတ်ခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေကြေးအကျိုးခံစားခွင့် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက မြို့နယ်လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား ဦးညီညီဝင်း၏ ဇနီးအား ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၇,၂၀၀,၀၀၀ အား ပေးအပ်ခဲ့သည်။ ၎င်းနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးကြည်က တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ အာမခံအမျိုးသမီး (၆)ဦး၏ မီးဖွားခြင်းအတွက် မီးဖွားစရိတ် ငွေကျပ် ၄၄၁၀၀၀ ကို တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ ဒေါ်ခိုင်စန္ဒာကလက်ခံခဲ့ပြီး တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ လက်ထောက်စက်ရုံမှူး ဦးမြသိန်းထွန်း(လျှပ်/စစ်)က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ ဗိုလ်ကြီးကြည်ဇေလင်း၊ ဗိုလ်ကြီးဒေါ်ကြည်စင်ရှင်း၊ လက်ထောက်စက်ရုံမှူး ဦးချိုဝင်းနှင့် တာဝန်ရှိသူများ၊ မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ မြို့နယ်တာဝန်ခံဒေါ်အေးအေးဆန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)