ကျောက်ဆည် ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြေဧက(၄၀၀) ရေပြည့်ဝစွာပေးဝေနိုင်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မင်းရဲဆည်ရေသောက်စနစ် မင်းရဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၂)လုံးအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၃၀)သန်းဖြင့် ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေပြွန်များမှာ မင်းရဲမြောင်းပေတိုင်အမှတ် အာဒီ(-၁၅+၇၈၀)နှင့် အာဒီ(၁၇+၈၉၀)အတွင်းရှိ အရှည်(၂၀)ပေ၊ အကျယ်(၁၅) လက်မ ပြွန်(၁)လုံး၊ အရှည်ပေ(၂၀)၊ အကျယ်(၉)လက်မ ပြွန်(၁)လုံး တို့ဖြစ်ကြောင်းနှင့် ရေပြွန်များပြုပြင်ပေးရတွင် ရေရှည်ခိုင်မာရေးနှင့် ရေအလေအလွင့်နည်းစေရန်အတွက် ရေပြွန်ထိပ်နဖူးစည်းများတွင် ကျောက်သားနံရံစီခြင်း၊ ထိန်းချုပ်ရေတံခါးတပ်ဆင်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
ရေပေးပြွန်များဆောင်ရွက်ပြီးပါက သီးနှံမျိုးစုံ(၄၀၀)ဧကအတွက် စိုက်ပျိုးရေများ ပေးဝေရာတွင် ထိန်းချုပ်ရေတံခါးများဖြင့် လွယ်ကူစွာ အဖွင့်အပိတ်ပြုလုပ်နိုင်သောကြောင့် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် စိုက်ပျိုးသီးနှံများ အောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏပြည့်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)