နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ ဒွါဒသမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

နေပြည်တော် ဇူလိုင် ၂၉

နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ ဒွါဒသမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်သံဃာတော်များ  ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ခန်းမအတွင်းရှိ  ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး  ဆွမ်း၊  သစ်သီး၊  ပန်း၊  ရေချမ်းနှင့်  ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အမှူးပြုသော ပရိတ်သတ်များက နေပြည်တော်လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးတို့က  ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား  ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။     

ယင်းနောက် ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌအမှူးပြုသော ဧည့်ပရိသတ်များက သာဓုအနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)