ထားဝယ် ဇူလိုင် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ခိုးရာပါဆိုင်ကယ်များ ဖော်ထုတ်သိမ်းဆည်းပြီး ပိုင်ရှင်များထံ ပြန်လည်ပေးအပ်သည့် အခမ်း အနားကိုယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ အဓိကရည်မှန်းချက်တာဝန်ဖြစ်သည့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်(၆)ရပ်ထဲမှ မှုခင်းမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီးသော မှုခင်းများကို စုံစမ်းဖော်ထုတ် တရားစွဲတင်နိုင်ရေး စသည့်တာဝန်များထမ်းဆောင်လျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်၊ လုံခြုံရေးအတွက် (၂၄)နာရီ ပတ်လုံး မျက်စိဖွင့် နားစွင့်ပြီး စောင့်ရှောက်ပေးနေသူများဖြစ်၍ လုပ်ငန်းတာဝန်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်သူလူထုက ယုံကြည်ကိုးစားရသော တပ်ဖွဲ့တစ်ခုဖြစ်လာစေရန် တပ်ဖွဲ့ဝင်များက စိတ်ဓာတ်၊ စည်းကမ်းကောင်း မွန်စွာဖြင့် တာဝန်သိသိ၊ သစ္စာရှိရှိဟူသော ဆောင်ပုဒ်နှင့်အညီမှုခင်းများမဖြစ်ပွားအောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ထားဝယ်ခရိုင်အတွင်း ခိုးရာပါ ဆိုင်ကယ် (၁၅)စီးအား ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ဆိုင်ကယ်ပိုင်ရှင်များကိုယ်စားကိုယ်စားလှယ်(၁)ဦးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ခိုးမှုများဖော်ထုတ်ပြီး ခိုးရာပါဆိုင်ကယ်များအား သိမ်းဆည်းနိုင်မှုအပေါ် ဆိုင်ကယ်ပိုင်ရှင်များက ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ (၁၀) သိန်းကျပ်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)