လှိုင်းဘွဲ ဇူလိုင် ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာ၏ အဓိကလိုအပ်ချက်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။
အဆိုပါ အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောကျော်နိုင်ထွန်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်အစိုးရက ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း(၁၀၀) ထောက်ပံ့ပေးသည့် ရည်ရွယ်ချက်မှာ ကျေးရွာများတွင် ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်း၊ ကျောင်းစာကြည့်တိုက် ဆောက်လုပ်ခြင်း၊ ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေများကို ပေးအပ်ရခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုယ်စားလှယ်များကို ရှင်းပြခဲ့ပြီးနောက် ကျေးရွာ(၇)ရွာအတွက် စီမံကိန်းရန်ပုံငွေ စုစုပေါင်းငွေကျပ်သိန်း (၇၀၀)ကို ကျေးရွာတာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွာသာအေး၊ ကမော့ကချူး (ကရင်စု)၊ စိန်မြရဲ၊ ပတ်ပျိုး၊ ဝါးခုတ္တော၊ ဝိုင်းထော်၊ တရဲ့ထော် စသည့် စုစုပေါင်းကျေးရွာ (၇)ရွာအတွက် နိုင်ငံတော်အစိုးရက ကျေးရွာ (၁)ရွာလျှင် ရန်ပုံငွေကျပ်သိန်း(၁၀၀) ကူညီထောက်ပံ့ပေးပြီး ကျေးရွာသူ၊ ကျေးရွာသားများက စုပေါင်းတိုင်ပင်၍ မိမိတို့ကျေးရွာအတွက် ဦးစားပေးဆောင်ရွက်ကြမည့် လုပ်ငန်းများကို စီမံကိန်းချမှတ်ထားပြီး နိုင်ငံတော်အစိုးရထောက်ပံ့ငွေ အပါအဝင် လိုအပ်သည့်ငွေကြေးများကို ရပ်ရွာလူထုမှ စုပေါင်းစိုက်ထည့်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများက ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ရွာသူ၊ ရွာသားများထံမှ သိရသည်။
လင်းသန့်(ပြန်/ဆက်)