သံတောင်ကြီး ဇူလိုင် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးကျောင်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းရွက်ပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
တောင်ပေါ်ကွမ်းကြမ်းများသည် မိုးရာသီတွင် စိုက်ပျိုးလေ့ရှိပြီး သစ်ပင်ကြီးများ၏ အခြေတွင် လည်းကောင်း၊ ကွမ်းသီးပင်များ၏ အခြေတွင် တွယ်တက်နိုင်စေရန်စိုက်ပျိုးသည့်နွယ်ပင် တစ်မျိုးဖြစ်သည်။ ကွမ်းကြမ်းများကို တစ်နှစ်လျှင် (၃) ကြိမ်မှ (၄) ကြိမ်အထိခူး ယူရောင်းချနိုင်သည်။
သံတောင်ကြီးဒေသထွက် ကွမ်းကြမ်းများကို သံတောင်ကြီးမြို့ပေါ်နှင့် ဒေသပတ်ဝန်းကျင်တွင် လှည့်လည်ရောင်းချသကဲ့သို့ တောင်ငူမြို့သို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။
အဆိုပါ တောင်ပေါ်ကွမ်းရွက်ကြမ်းများသည် နွေရာသီတွင်အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိကာ အစည်း(၄၀)စည်း (၁၀)ပိဿာလျှင် ကျပ် (၁၅၀၀၀) မှကျပ်(၁၈၀၀၀)အထိ ရရှိသော်လည်း ကွမ်းလှိုင်လှိုင်ထွက်သည့် မိုးရာသီအချိန်တွင် ဈေးနှုန်းကျဆင်းကာ အစည်း (၄၀)စည်း (၁၀)ပိဿာလျှင် ကျပ်(၁၀၀၀၀)မှကျပ်(၁၂၀၀၀)အထိသာ ရရှိကြောင်း သိရသည်။
စောမင်းသား(ပြန်/ဆက်)