လားရှိုး ဇူလိုင်၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ မြို့ဝင်မုခ်ဦးမှစတင်ကာ လားရှိုး-သိန္နီအထွက်လမ်းပိုင်းရှိ အေတီတံတားအထိ(၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။
လားရှိုးမြို့တွင်း (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို Oriental Highway Company Limited က B O T စနစ်ဖြင့် ဆောင်ရွက်နေခြင်းများကို ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် တာဝန်ရှိဌာနဆိုင်ရာများက ဇူလိုင်(၂၈)ရက် ညနေပိုင်း(၄)နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Oriental Highway Company Limited က B O T စနစ်ဖြင့် ဆောင်ရွက်နေသော လားရှိုးမြို့အဝင် မုခ်ဦးမှ အေတီတံတားအထိ (၆)မိုင်ရှိပြီး လားရှိုးမြို့ မြို့တော်ခန်းမမှ လားရှိုးကြီး မီးပွိုင့်လမ်းဆုံ အထိ (၂)မိုင်(၇)ဖာလုံအား ပထမဦးစားပေးအဖြစ်ဆောင်ရွက်နေသည်။ မန်ဆူဘုရားမှ လားရှိုးကြီး မီးပွိုင့်လမ်းဆုံအထိ(၁)မိုင်(၂)ဖာလုံတွင် လမ်းတာဘောင်အကျယ်(၉၀)ပေဖြင့် လုပ်ငန်းဆောင်ရွက်နေပြီး မြို့တော်ခန်းမမှ မန်ဆူဘုရားအထိလမ်းပိုင်တွင် လမ်းတာဘောင်အကျယ်ကို (၇၅)ပေဖြင့် ဆောင်ရွက် နေကြောင်း သိရသည်။
အဆိုပါ ကတ္တရာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် လမ်းချဲ့ခြင်းလုပ်ငန်းပိုင်း၊ ဒု-အခြေခံလွှာ (ပထမအလွှာ) ခင်းခြင်းလုပ်ငန်း၊ ဒု-အခြေခံအလွှာ (ဒုတိယအလွှာ)ခင်းခြင်း လုပ်ငန်း၊ အခြေခံအလွှာခင်းခြင်း၊ ကတ္တရာကွန်ကရစ်အလွှာ ခင်းခြင်းလုပ်ငန်းပိုင်းများပါဝင်သည်။
လမ်းပိုင်းအလိုက်လုပ်ငန်းများ လုပ်ဆောင်ရွာတွင်လည်း လမ်းဘေးနှစ်ဖက်စလုံး၌ ရေမြောင်းများပါဝင်ကာလူသွားလမ်း၊ စက်ဘီးစီးနိုင်မည့်လမ်း၊ လမ်းလယ်ပန်းခုံများ ပါဝင်မည်ဖြစ်သည်။ (၄)လမ်းသွား ကတ္တရာကွန် ကရစ်လမ်းအဖြစ် မြို့ပြအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်နေသည်ဖြစ်ပြီး အဆိုပါ လမ်းလယ်ပန်းခုံများ ဆောင်ရွက်ခြင်းကို လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။ (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရာ၌ လမ်းနယ်မလွတ်ကင်းသော ဖုန်းလိုင်းတိုင်များ ရွေ့ပြောင်းခြင်းလုပ်ငန်းများ၊ အသစ်စိုက်ထူခြင်းလုပ်ငန်းများကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(လားရှိုး)မှ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်း(လားရှိုး)အနေဖြင့် လားရှိုးမြို့တွင်း(၄)လမ်းသွား ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရာလမ်းပိုင်းမှ လမ်းနယ်မလွတ်ကင်းသော ဓါတ်အားလိုင်းများ ပြောင်းရွေ့ခြင်းများ ဆောင်ရွက်ရာတွင် အသစ်တည်ဆောက်ခြင်းနှင့် လိုင်းဟောင်းဖြုတ်သိမ်းခြင်း လုပ်ငန်းများအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေ ဘတ်ဂျက်ဖြင့် တင်ဒါအောင်မြင်သော မြသင်းကြူကုမ္ပဏီက လုပ်ငန်း၏လျှာထားတန်ဖိုး (၂၅၁.၁၀၀)ကျပ်သန်းဖြင့် အဆိုပါလမ်းပိုင်း၌ပါဝင်သော အသစ်တည်ဆောက်ခြင်းနှင့် လိုင်းဟောင်းဖြုတ်သိမ်းခြင်း လုပ်ငန်းများနှင့်အတူတင်ဒါတွင်ပါဝင်သော အခြားအပိုင်း(၁)မှ၁၁ကေဗွီ SACနှင့်(၄၀၀)ဗို့ AACနှစ်ထပ် ဓါတ်အားလိုင်း(၁.၂)မိုင်၊ အပိုင်း(၂)မှ(၄၀၀)ဗို့ AACဓါတ်အားလိုင်း(၁.၆၅)မိုင်၊ ၁၁/၀.၄ကေဗွီအေခွဲရုံ(၂)ရုံ ရွေ့ပြောင်း အသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
ယခုဆောင်ရွက်နေသောမြို့တွင်း လမ်းပိုင်း(၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းပြီးစီးပါက မြို့တွင်းယာဉ်အန္တရာယ်ဖြစ်ပွားမှုများ လျော့နည်းလာမည်ဖြစ်ပြီး ယာဉ်ကြော ပိတ်ဆို့မှုကိုလည်း လျော့ချနိုင်မည်ဖြစ်သည်။
ဟန်ဌေး(လားရှိုး)