မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

မိုးနဲ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြို့နယ်အတွင်း တည်ငြိမ်အေးချမ်း ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်တပ်နယ်တို့မှ  ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိနှင့် မိမိဌာနလုံခြုံရေးကို အထူး အလေးထားဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်ရော ဂါကာကွယ်ရေးလုပ်ငန်းစဉ်များ တွင်လည်း ယခင်ကကဲ့သို့ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ (ဆို၊က၊ ရေး၊တီး) ပြိုင်ပွဲများကို မြို့နယ်အဆင့်ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်နေပါကြောင်း၊ ဒေသတွင်း တောင်သူများ ဓာတ်မြေဩဇာ အခက်အခဲမရှိစေရေး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း နှင့်ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်း၊ကွမ်း အခက်အခဲမရှိစေရေး ကုသိုလ်ဖြစ် ပါဝင်လှူဒါန်းစေလိုကြောင်း စသည်ဖြင့် အဖွင့် အမှာစကားပြောကြားခဲ့ပြီး မိုးနဲမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးတိုးဝင်း‌ဖေက ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တပ်ပိုင်းဆိုင်ရာအနေဖြင့် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သတင်းလုံခြုံရေးပိုင်းတွင် သက်ဆိုင်ရာဌာနများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် သွားနိုင်ရေးနှင့် တပ်ပိုင်းဆိုင်ရာအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်ရှိပါက ဆွေး‌နွေး ပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)