မြိတ် ဇူလိုင် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းကလမ်းမကြီးများနှင့် လမ်းဆုံများတွင် အသိပညာပေး Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြသည်။
“ကိုဗစ်-၁၉ အိုမီခရွန် မျိုးကွဲတွေဖြစ်တဲ့ BA 4 တို့ BA 5 တို့ ကူးစက်မှုလေးတွေ နိုင်ငံအတွင်းမှာရှိလာတယ်။ ပတ်ဝန်းကျင်နိုင်ငံတွေမှာလည်း ကူးစက်မှုတွေဖြစ်နေတဲ့အတွက် ပြည်သူတွေ ကူးစက်ရောဂါ ပြန့်ပွားမှု လျော့ကျစေရေး အသိပညာပေးလုပ်ငန်းတွေကို အရှိန်မြှင့်ပြီးဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက ပြောသည်။
Mask Campaign အစီအစဉ်ကို မြစ်ငယ်ရပ်ကွက် ဗိုလ်ချုပ်ကျေးရုပ်အရှေ့နှင့် ဆိပ်ငယ်ရပ်ကွက် နာရီစင်အရှေ့ လမ်းဆုံတို့တွင် လမ်းသွားလမ်းလာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ စုပေါင်း၍ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် ပညာပေး၍ နှာခေါင်းစည်းများ ဝေငှပေးခဲ့ကြသည်။
“ကာကွယ်ဆေးထိုးလုပ်ငန်းတွေကိုလည်း First Dose ၊ Second Dose တွေ ပြည့်မီအောင်ထိုးနှံပေးနေသလိုပဲ Booster Dose ထိုးနှံပေးရေးလုပ်ငန်းတွေ ကျောင်းနေအရွယ်ကလေးတွေ ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ရန် ရပ်ကွက်အလိုက် ကျေးရွာအုပ်စုနဲ့ ကျေးရွာခွဲတွေအထိ အသံချဲ့စက်တွေနဲ့ ပြည်သူတွေကို အသိပညာပေးခြင်းကို အရှိန်မြှင့်ပြီး ဆောင်ရွက်လျက်ရှိပါတယ်”ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားသည်။
ပြည်သူများအား လမ်းသွားလာရာတွင် နှာခေါင်းစည်များ တပ်ဆင်သွားလာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး Mask Campaign အစီအစဉ်များကို လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြိတ်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းကို ဦးတည်အုပ်စုများအလိုက် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ခိုင်ထူး(ပြန်/ဆက်)