မိုင်းယောင်းမြို့နယ်ရှိ ဒေသခံပြည်သူများအား မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဒေသဝက်များ ဖြန့်ဖြူးပေး

မိုင်းယု ဇူလိုင် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ဒေသဝက်ဖြန့်ပေးခြင်းကို ယနေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စုရှိ ဝမ်မိုင်မိုင်းလုံး ကျေးရွာမှ အိမ်ထောင်စု(၁၀)စုအား ဒေသဝက်များ ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိုင်းယောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ တင့်တင့်လွင်က ဒေသဝက်များ ဖြန့်ဖြူးပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ တင့်တင့်လွင်တို့က ဒေသခံပြည်သူ အိမ်ထောင်စု(၁၀)စုအတွက် (၃)လသားခန့်ရှိ ဒေသဝက်သားပေါက်ဆယ်ကောင်အား ဖြန့်ဖြူးပေးအပ်ခဲ့ကြကာ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ဒေသခံပြည်သူများ၏ ဝက်မွေးမြူထားရှိမှုအခြေအနေများနှင့် ဝက်အစာကျွေးမှုအခြေအနေတို့အား အိမ်တိုင်ရာရောက် ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များနှင့် အသိပညာများ ပြောကြားခဲ့ကြောင်း သိရသည်။

အားချာ