ညောင်ဦး ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ခွေးပြုတ်ကျေးရွာ၊ အုတ်လှေကားကျေးရွာသို့ ယနေ့ နံနက် ၉နာရီအချိန်က ရန်ကုန်မြို့၊ ဝေမျှခြင်းပရဟိတအဖွဲ့က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် တဲတိုက်ပေါင်း ၈၀ ကျော်ရှိပြီး အလှူရှင်များ လှူဒါန်းသည့် သောက်သုံးရေကိုသာ မှီခိုအားထားနေရကြောင်း၊ မြေသားမိုးရေ လှောင်ကန်များရေဝင်ရောက်ပါက ထိုကန်များမှရေကို သုံးစွဲကြပြီး မိုးခေါင်သည့်နှစ်များတွင် သောက်သုံးရေ အင်မတန် ရှားပါးကြောင်း သိရသည်။ ညောင်ဦးမြို့နယ်သည် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်ကာ တစ်နှစ်ပတ်လုံးနေမှ မိုးရေချိန် ၂၀လက်မအောက်သာ ရွာသွန်းလေ့ရှိခြင်းကြောင့် မြေသား သောက်သုံးရေကန်များ ရေဝင်ရေပြည့်လျှင် ကျေးရွာသူကျေးရွာသားများ အင်မတန်ပျော်ကြ ကြောင်း အုတ်လှေကားကျေးရွာမှ ထန်းတောင်သူဦးစိုးက ရှင်းပြ၍ သိရပြီး ရန်ကုန်မြို့ ဝေမျှခြင်း အဖွဲ့မှလည်း ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များသို့ ဒေသခံပရဟိတအသင်းများနှင့် ချိတ်ဆက်၍ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိကြောင်း သိရပြီး သောက်သုံးရေ လှူဒါန်းခြင်းအား ဇူလိုင်လကုန်တွင် ရပ်နားထားပြီး လာမည့်နှစ် ဆောင်းဦးပေါက်တွင် ပြန်လည်လှူဒါန်းမှု စတင်မည်ဖြစ်ကြောင်း သိရသည်။
ကိုကြေးမုံ