ကျောက်မဲ ဇူလိုင် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကျော် ကြီးကြပ်၍ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်မည့် Electronic စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစနစ် ပုံစံ (၆၆/၆)များ e-ID software ရိုက်သွင်းမှုလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းဆောင်ရွက်မှုများကို ယမန်နေ့ နံနက်ပိုင်းက ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒုရဲမှူးကြီး နိုင်ထွန်းသူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးမင်းမင်းဇော်နှင့် မြို့နယ်ဦးစီးမှူး ဦးထင်အောင်တို့က computer ရိုက်သွင်းနေမှုများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်မဲမြို့နယ်ဦးစီးရုံးမှ ဝန်ထမ်းများသည် ကျောက်မဲမြို့နယ်ရှိ အိမ်ထောင်စုစုပေါင်း ၃၉၀၀၀ ကျော် ကို ကွန်ပျူတာ ၁၀ လုံးဖြင့် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ e-ID စနစ်ဖြင့်ကွန်ပျူတာ Software အတွင်း ဖြည့်သွင်းခဲ့ပြီး စက်တင်ဘာလအတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးထင်အောင်ထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)