ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများအတွက် ဖွင့်လှစ်ပေးသည့် အခြေခံစက်ချုပ် သင်တန်းဆင်းပွဲသို့ တက်ရောက် အမှာစကားပြောကြား

မြစ်ကြီးနား ဇူလိုင် ၂၇

ကချင်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများအတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ လုပ်ကိုင်နိုင်ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလာစေရန် ရည်ရွယ်ပြီး (၁)လကြာ ဖွင့်လှစ်ပေးခဲ့သည့် အခြေခံစက်ချုပ် သင်တန်းဆင်းပွဲကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီခွဲက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး သင်ခန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့သင်တန်းဆင်းကြမည့် တိုင်းရင်းသူများအနေဖြင့် သင်ကြားခဲ့သည့် အသက်မွေးဝမ်းကျောင်းပညာကို လက်တွေ့လုပ်ငန်း နယ်ပယ်တွင် ကျွမ်းကျင်သူများ ဖြစ်လာအောင် အစွမ်းကုန်ကြိုးစားသွားမည်ဆိုပါက နောင်တစ်ချိန် တွင် ထုတ်လုပ်သူများ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ ဖြစ်လာနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ မိသားစု အကျိုး၊ ဒေသအကျိုးစီးပွားအတွက်သာမက နိုင်ငံတော်၏ မျှော်မှန်းချက်များကိုပါ အကောင်အထည် ဖော်ဆောင်ရွက်နိုင်သည့် တိုင်းရင်းသားသူများ ဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း အားပေးပြောကြားသည်။

ထို့နောက် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က တိုင်းရင်းသူများအား အခြေခံစက်ချုပ်သင်တန်း သင်ယူခွင့် ရရှိစေရေး စီစဉ်ဆောင်ရွက်မှုများနှင့် ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းကဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနေမှု အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌတို့က သင်တန်းဆင်း တိုင်းရင်းသူများအတွက် သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းမှ ထုတ်ကုန်အချောထည်များ၊ လက်တွေ့နယ်ပယ်တွင် စက်ချုပ်နိုင်ရေး အထောက်အကူပစ္စည်းများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ သင်တန်းတက်ရောက်ခဲ့သည့် တိုင်းရင်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတွင် ခင်းကျင်းပြသထားသည့် တိုင်းရင်းသူများ၏ စက်ချုပ်လက်ရာအချောထည်များ ခင်းကျင်းပြသထားရှိမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းကို ပြည်နယ်အတွင်းရှိ ဒေသခံ ကချင်၊ ရှမ်း၊ ဗမာ တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်းသူ (၂၀)ဦးတို့ အား ဇွန်လ ၂၁ ရက်နေ့မှ စတင်၍ (၁)လကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်