မိုင်းဖြတ် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယခုနှစ်တွင် ဒေသထွက်တညင်းသီးများ လှိုင်လှိုင်သီး၍ ဝယ်လက်များက အိမ်တိုင်ရာရောက်အထိ လာရောက်ဝယ်ယူကြသည့်အတွက် မိသားစု ဝင်ငွေများကို တစ်ဖက်တစ်လမ်းမှရရှိကြောင်း တစ်ပိုင်တစ်နိုင် တညင်းသီးစိုက်ပျိုးသူတစ်ဦးထံက သိရသည်။
ကျွန်မတို့အိမ်မှာစိုက်ထားတဲ့ တညင်းသီးတွေကတော့ နှစ်စဉ်ပုံမှန်သီးပါတယ်၊ အသီးနည်းတာ၊ များတာပဲရှိတယ်၊ တညင်းသီးရင့်ချိန်ရောက်ရင်တော့ အဝယ်ဒိုင်တွေက အိမ်အထိလာဝယ်ပါတယ်၊ ဈေးကတော့ နှစ်တိုင်းလိုလိုသိပ်မကွာဘူး၊ အခွံ့ပါတစ်ကီလို(၆၀ကျပ်သား)ကို ၅ဘတ်၊ မြန်မာကျပ်ငွေ နဲ့ဆို(၃၀၀)ကျပ်ခန့်ရပါတယ်၊ မနှစ်ကဈေးနဲ့ဆိုရင် ဘတ်ဈေးအတက်အကျပေါ်မူတည်ပြီး ဈေးအနည်းအများ ကွာတာဖြစ်ပါတယ်ဟု တညင်းသီးဆွတ်ခူးရောင်းချသူ ဒေါ်ဒီဘောရာထံက သိရသည်။
မိုင်းဖြတ်မြို့တွင် တညင်းသီး ပေါ်ဦးပေါ်ဖျားချိန်နှင့် ရှားပါချိန်တို့တွင် တစ်လုံးကို ကျပ်(၅၀)မှ ကျပ်(၁၀၀)အထိ လက်လီရောင်းချလေ့ရှိကြပြီး လှိုင်လှိုင်ပေါချိန်တွင် အဝယ်ဒိုင်များကပေါက်ဈေးပေးဝယ်၍ တာချီလိတ်မြို့နှင့် အခြားမြို့များသို့တစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြသည်။ အဆိုပါ တညင်းသီးအပင်များကို အိမ်တိုင်းလိုလို အရိပ်ရအပင်အဖြစ်သော်လည်းကောင်း၊ တစ်ပိုင်တစ်နိုင်အဖြစ်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးလေ့ရှိကြရာ တညင်းသီးများ ရင့်ချိန်တွင် ယခုကဲ့သို့ မိသားစုဝင်များကို တစ်ဖက်တစ်လမ်းမှရရှိကြောင်း သိရသည်။
သန်းထွန်းအေး