ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း ဈေးနှုန်းအမြင့်ဆုံးရောင်းချနေရ

ညောင်ဦး ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့် သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိကျေးရွာများ မြေအောက်ရေသွင်းပြောင်းဖူးစိုက်ပျိုးကြရာ ယခုလအတွင်း ဈေးနှုန်းမြင့်ဆုံးရောင်းချနေရကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ပြောင်းဖူးပွဲစား ဦးအေးကိုထံက သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာများသည် မြေအောက်ရေဖြင့် စိုက်ပျိုးသည့် သကြားပြောင်းဖူး၊ အစေးပြောင်းဖူးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ အဆိုပါ စိုက်ခင်းများမှ ထွက်ရှိသည့် ပြောင်းဖူးများ အနီးအနားမြို့များသို့ သာရောင်းချနေရခြင်းကြောင့် ထွက်ရှိသည့် ပြောင်းဖူးများပြားနေပြီး ဈေးနှုန်းမရရှိဖြစ်နေရာမှ ဇူလိုင်လအတွင်း ပြောင်းဖူးဈေးနှုန်းများ တက်လာခဲ့ကြောင်း ပြောင်းဖူးစိုက်တောင်သူများက ပြောကြားသည်။ ကျွန်တော်တို့ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာတွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ သီးနှံစိုက်ပျိုးလုပ်ကိုင်ကြတဲ့အခါမှာလည်း မြေအောက်ရေကို တွင်းတူးပြီး ရေထုတ်ယူကာ ရေသွင်းစိုက်ပျိုးကြောင်း ကိုယ်ပိုင်ရေတွင်းရှိခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို ကြိုက်တဲ့အချိန်လုပ်ကိုင်၍ရကြောင်း ဒီလမှာ သကြားပြောင်းဖူး၊ အစေးပြောင်းဖူးများ မြေအောက်ရေဖြင့် စိုက်ပျိုးကြရာ ပြောင်းဖူးများ အောင်မြင်ဖြစ်ထွန်းကာ ဈေးနှုန်းများလည်း ပြန်လည်ရရှိခြင်းကြောင့် တွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများမှ ပြောကြားသည်။

ပြောင်းဖူးစိုက်ပျိုးကြရာတွင် အချိန်နှစ်လခွဲဖြင့် ငွေအမြန်ပေါ်သော်လည်း ကိုဗစ်-၁၉ ကူးစက် ရောဂါကာလတွင် ပြောင်းဖူးစိုက်ပျိုး တောင်သူများ ပြောင်းဖူးရောင်းချချိန် တစ်ဖူး ၈၀ ကျပ်သာ ရောင်းချခဲ့ရရာမှ ဇူလိုင်လအတွင်း အခြားမြို့ကြီးများမှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ် ယူမှုများပြားခဲ့ရာ ဆယ်ဖူးဈေး ၈၀၀ ကျပ်ရှိခဲ့ရာမှ ယခုလအတွင်း ဆယ်ဖူဈေး ၁၆၀၀ ကျပ်နှုန်းရောင်း ချနေရခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများ ဈေးနှုန်းရရှိနေပြီး အဆင်ပြေနေကြကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

ကိုကြေးမုံ