ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် လျင်မြန်ချောမွေ့စေရေး ပြည်သူ့ဝန်ဆောင်မှု(One Stop Shop)ရုံးနှင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတို့အား ကြည့်ရှုစစ်ဆေး

ဘားအံ ဇူလိုင် ၂၇

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းကဘားအံမြို့စုပေါင်းရုံးရှိ ပြည်သူ့ဝန်ဆောင်မှု(One Stop Shop)ရုံးနှင့် အမှတ်(၄)ရပ်ကွက်၊ သီရိလမ်းပေါ်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရနှင့်ဌာနဆိုင်ရာများအပေါ် ပြည်သူများ၏အားကိုး ယုံကြည်မှုတိုးပွားလာစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သွားရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပြီး ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်သူ့ဝန်ဆောင်မှု(One Stop Shop)ရုံးတွင် ဌာနဆိုင်ရာ(၁၁)ဌာနမှ ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ၊ ဝန်ထမ်းများအားအလှည့်ကျတာဝန်ချထားပေးမှုအခြေအနေ၊ ဒေသခံပြည်သူများမှ ဝန်ဆောင်မှုလုပ်ငန်းများကို အားကိုးယုံကြည်စွာဖြင့် လာရောက်လုပ်ကိုင်ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးကာ ကောင်းမွန်သည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အစဉ်လည်ပတ်ချောမွေ့နေစေရေး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ဘားအံမြို့နယ်စုပေါင်းရုံးရှိ ဌာနဆိုင်ရာရုံးများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများစည်းကမ်းတကျဖြင့်တာဝန်ထမ်းဆောင်နိုင်ရေး၊ ရုံးလုပ်ငန်းသုံးစက်ကိရိယာ၊ ပရိဘောဂများ စည်းကမ်းတကျပြင်ဆင်ထိန်းသိမ်းသုံးစွဲနိုင်ရေးနှင့် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်းရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးလုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို လိုက်လံကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များမှာကြားကာ  နိုင်ငံကူးလက်မှတ် ဆောင်ရွက်နေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)