ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌  မိုးရာသီကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကွန်ဟိန်း ဇူလိုင်၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက် ၉နာရီ အချိန်ခန့်က အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးမည့် ပျိုးပင်များအား မြို့နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းသန့်၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆန်းတို့မှ တက်ရောက်လာသူများထံ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများမှ  ပျိုးပင်များအား စနစ်တကျစိုက်ပျိုးခဲ့ကြပါသည်။ သစ်ပင်စိုက်ပျိုးပွဲအား သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသစ်ပင် တန်ဖိုးများကို အများပြည်သူ အလေးထားသိရှိနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ထောပတ်ပင်(၁၀၀)၊ သင်္ဘောပင်(၅၀)တို့အား စိုက်ပျိုးခဲ့ကြောင်း သင်တန်းကျောင်းအုပ်ဆရာမကြီး ထံမှ သိရသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းသန့်နှင့် ဝန်ထမ်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆန်းနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများ စုစုပေါင်း(၄၅)ဦးခန့် တက်ရောက်ကြကြောင်းသိရသည်။

ပြည့်(ကွန်ဟိန်း)