ဆီဆိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ဆီဆိုင် ဇူလိုင် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘန်းယဉ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုမိုမောင်က “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏မိသားစုများက Physical Fitness Dance နှင့် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းများကို သရုပ်ပြသခဲ့ကြသည်။ ထို့နောက် ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။  

အဆိုပါ ဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်နှင့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားထားရသည့် နိုင်ငံ့သားကောင်းများဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၃၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)