ပန်ဆိုင်း (ကြူကုတ်) ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ နှစ်နိုင်ငံ နယ်စပ်တံတားဖြစ်သည့် ကြူကုတ်-ဝမ်တိန်တံတား အရှည်(၃၉.၈)မီတာ အကျယ်(၁၆.၂)မီတာအား ပြုပြင် မွမ်းမံရန်အတွက် ပြင်ဆင်စရိတ်တရုတ်ယွမ်ငွေ(၃)သန်းလျာထား၍ တရုတ်နိုင်ငံဘက်မှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းကာလမှာ (၁၅.၇.၂၀၂၂)ရက်မှ (၁၅.၈.၂၀၂၂) ရက်နေ့အထိ ရက်ပေါင်း (၃၀)ခန့် ကြာမြင့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ရွှေလီပြည်သူ့အစိုးရ၊ ပြည်ပဆက်ဆံရေးဌာနမှ ညှိနှိုးခဲ့ကြောင်း သိရပါသည်။
အဆိုပါ ကနဦးညှိနှိုင်းသဘောတူမှုတွင် (၁၅.၇.၂၀၂၂)ရက်မှ(၁၅.၈.၂၀၂၂)ရက်တွင် လုပ်ငန်းဆောင်ရွက်ရန်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရက်အနည်းငယ်နောက်ကျ ၂၅.၇.၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်၌ မူဆယ်မြို့နယ်၊ လမ်းဦးစီးဌာနဦးစီးအရာရှိ(မြို့ပြ) ဦးကျော်ကျော်မိုး၊ ပန်ဆိုင်း (ကြူကုတ်)မြို့ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် ဌာနဆိုင်ရာများပါဝင် သောအဖွဲ့နှင့် ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ရွှေလီပြည်ပရေးရာဌာန ဒု-ပြည်ပရေးရာဌာနမှူး ဒေါ်ဖြူဖြူဝင်း ဦးဆောင်သည့်အဖွဲ့တို့ လုပ်ငန်းအဆင်ပြေချောမွေ့စေရေးအတွက် မြေပြင်ကွင်းဆင်း၍ ကြူကုတ်-ဝမ်တိန်တံတား မြန်မာဘက်အခြမ်း၌တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
ယင်း နှစ်နိုင်ငံကူးတံတားပြင်ဆင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းစတင်နိုင်ရန်နှင့် လုပ်ငန်းခွင်လုံခြုံရေးတို့အတွက် မြန်မာနိုင်ငံဘက်ခြမ်း တံတားထိပ်ပြင်ပ (၃)မီတာ၌ ဘရိတ်ဓားသံဆူးကြိုးဖြင့် ပြင်ဆင်မှု လုပ်ငန်းပြီးစီးသည်အထိ ယာယီကာရံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မာဖြိုး( ပန်ဆိုင်း)