မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲဒေသတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက်ပိုင်း၌ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲဒေသတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက မဟော်ဂနီပင်များကို စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ(၁၀၃)ရုံးမှ တိုင်းဒေသကြီးအဆင့် ဦးစီးမှူးများနှင့် ဝန်ထမ်းများ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ သန်လျင်၊ တွံတေး၊ ကျောက်တံတား၊ အလုံ၊ မရမ်းကုန်းနှင့် ကမာရွတ်ခရိုင်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီအောက်ရှိဌာနများမှ ဌာနမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း(၁၂၂၀)ဦးတို့၏ မဟော်ဂနီပင်များ စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးပြီးရင်း ရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့အား ရှင်းလင်းဆောင်တွင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန၊ ဌာနမှူး ဦးကိုကိုလင်းက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးက ဖြည့်စွက်တင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး လိုအပ်သည့်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ လှော်ကားသစ်တောကြိုးဝိုင်း (၅၇၈၆)ဧက အား ယနေ့တိုင် ထိန်းသိမ်းလျက်ရှိပြီး ယခုနှစ်တွင် ပထမအကြိမ် ဧက(၅၀)၌ ကျွန်း ၁၆၂၀၀၊ ပျဉ်းကတိုး ၅၄၀၀၊ မဟော်ဂနီ ၅၄၀၀ စုစုပေါင်း ၂၇၀၀၀ ပင် စိုက်ပျိုးခဲ့ပြီး ယနေ့တွင် ဧက (၂၀)၌ ဒုတိယအကြိမ်အဖြစ် မဟော်ဂနီ ၁၀၈၀၀ ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)