မချမ်းဘော့ ဇူလိုင် ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း လုပ်ငန်းကို ယနေ့ မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မလိခခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မချမ်းဘော့မြို့နယ် မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးဒေါ်နန်မိုင်က အဖွင့်အမှာစကား ပြောကြားပြီး လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်များဖြစ်သည့် မချမ်းဘော့မြို့နယ်ရှိ သက်ကြီးရွယ်အိုများ၊ ဆင်းရဲနွမ်းပါးသူများအား တတ်နိုင်သမျှ ကူညီဖေးမမည်ဖြစ်ကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် စုပေါင်းလှုပ်ရှားမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့ပြင် အစည်းအဝေးတက်ရောက်လာသူ အမျိုးသမီးရေးရာအဖွဲ့၀င် ဒေါ်သီတာက လုပ်ငန်းတစ်ခုစီတိုင်းတွင် တက်ကြွစွာ စည်းစည်းလုံးလုံးဖြင့် ပါ၀င်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားသည်။
ထို့နောက် မချမ်းဘော့မြို့ တောင်တန်းသာသနာပြုကျောင်းမှ ဘုန်းကြီးအား ငွေသားနှင့် မချမ်းဘော့မြို့ရပ်ကွက်(၁)နေ ဒေါ်လမော့လုနှင့် ဦးခ၀မ်နော်တို့အား ငွေသားနှင့် အာဟာရစားသောက်ဖွယ်ကို ထောက်ပံ့ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)