နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း Talk Show ပြုလုပ်

နွားထိုးကြီး ဇူလိုင် ၂၆

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနှင့်ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းရာတွင် ဥပဒေအရာရှိ ဒေါ်မွန်မွန်အောင်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ဥပဒေရုံးမှ ဒေါ်မွန်မွန်အောင်က အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးသူငယ်များအတွက် အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ် ကန့်သက်ချက်များ၊ ကလေးသူငယ်များကို အဆိုးဝါးဆုံးခိုင်းလျှင် ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးမှုများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များ၊ ဥပဒေများကို လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူနိုင်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်