ဘုတ်ပြင်း ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်သည့် လူကုန်ကူးမှုအန္တရာယ်များ၊ အသက်မပြည့်သေးသူကလေးသူငယ်များ အလုပ်ခိုင်းစေခြင်းဆိုင်ရာများ၊ ကလေးသူငယ်များ၏ အခွင့်အရေးများ မဆုံးရှံးစေရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများ၊ ကလေသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ကလေးငယ်များကိုယ်တိုင် သိရှိနားလည်ပြီး မိမိကိုယ်ကိုယ် ကာကွယ်နိုင်စေရန်စသည့် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ကော်မတီဝင်များအနေဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းဆင့်က ကလေးသူငယ်များနှင့်ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကျောင်းအခြေပြုအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ဆွေးနွေးအကြံပြုချက်များအား အတည်ပြုပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)